Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, February 5, 2012

ဆုံနေကြ တနင်္ဂနွေ (၀၅.၀၂.၂၀၁၂)

ဒီနေ့ဟာ ဖေဖော်ဝါရီလရဲ့ ပထမဆုံးအပတ် တနင်္ဂနွေနေ့ဖြစ်ပါတယ်။ ၂၀၁၂ - ခုနှစ်၊ နှစ်ဆန်းပိုင်းမှ စ၍  လစဉ် ပထမဆုံးဖြစ်တဲ့ တနင်္ဂနွေနေ့မှာ စုပေါင်းပြီး ပဌာန်းရွတ်ဖတ်ပူဇော်ကြရန် စီစဉ်ထားခဲ့ကြပါတယ်။ စီစဉ်ထားခဲ့ကြတဲ့ အတိုင်းလည်း  ပဌာန်းပစ္စယုဒ္ဒေသပါဠိတော်နဲ့ ပစ္စယနိဒ္ဒေသပါဠိတော်တို့ကို ရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တာပို့၍ အမျှပေးဝေခြင်းတို့ကို ပြုလုပ်ဖြစ်ခဲ့ကြပါတယ်။ ဖရန့်ဖို့မြို့ရဲ့ ရာသီဥတုကလည်း အလွန်အေးချမ်းလှပါတယ်။ အနုတ် ၁၂ ထိအောင် အေးလှတဲ့အတွက် သွားလာဖို့ရန် အလွန်ခက်ခဲလှပါတယ်။ မဖြစ်မနေ သွားလာရရင်လည်း  အနွေးထည်များ လုံလုံခြုံခြုံ ၀တ်ဆင်ပြီး သွားလာမှ အဆင်ပြေပါတယ်။ အေးချမ်းလှသော်လည်း ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းမိသားစုများကတော့ တနင်္ဂနွေနေ့တိုင်း အသင်းတိုက်သို့ လာရောက်၍ ဆွမ်းခဲဖွယ် ဘောဇဉ်များကို ဆက်ကပ်လှူဒါန်းခြင်း စတဲ့ ကုသိုလ်ကောင်းမှုများကို မပျက်မကွက် ပြုလုပ်လေ့ရှိကြပါတယ်။ ဗုဒ္ဓဘာသာဝင်များရဲ့ ထက်သန်တဲ့ သဒ္ဓါတရားနဲ့ မွန်မြတ်လှတဲ့ စိတ်ထားတွေဟာ နှစ်ထောင်းအားရဖွယ် ၀မ်းမြောက်ဖွယ်ကောင်းလှပါတယ်။ ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဥာဏ်ထက်၏ ဆိုတဲ့ စကားအတိုင်း တရားဓမ္မများကို နာယူကြခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ပြုလုပ်နိုင်ကြတဲ့အတွက် အစဉ်အမြဲ ကောင်းမှုကုသိုလ်များ အသိဥာဏ်ပညာများ တိုးပွားလာစေပါတယ်။ အသင်းတိုက်သို့ လာရောက်၍ ကုသိုလ်ကောင်းမှုများ အတူတကွ ပြုလုပ်ကြခြင်းဖြင့် အမိမြန်မာပြည်မှ ဗုဒ္ဓဘာသာဝင်များ အချင်းချင်းလည်း ရင်းနှီးချစ်ခင်ကြသလို ရင်သွေးငယ်များလည်း အချင်းချင်းရင်းနှီး ကျွမ်းဝင်မှု ဖြစ်ခဲ့ကြပါတယ်။ 

ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုတဲ့ စကားအတိုင်း တစ်နေ့မှာ လူကြီးဘ၀သို့ ရောက်ရှိလာကြမှာ မလွဲဧကန်ပါပဲ၊ လူကြီးဘ၀သို့ ရောက်ရှိလာကြမယ့် ရင်သွေးငယ်များရဲ့ သန္တာန်မှာ ဗုဒ္ဓရဲ့ အဆုံးအမ လမ်းညွှန်မှုများ အစဉ်အမြဲ ကိန်းဝပ်နေရန် အထူးအရေးကြီးလှပါတယ်။ ဒါမှလည်း ဗုဒ္ဓဘာသာဟာ ရေရှည်တည်တံ့နိုင်မှာ ဖြစ်ပါတယ်။ သို့အတွက်ကြောင့် ကလေးငယ်များ အသင်းတိုက်သို့ လာရောက်ကြတဲ့အခါ တတ်နိုင်သမျှ သြကာသ ကန်တော့ကျိုး၊ သရဏဂုံ စတာတွေကို သင်ကြားပေးလေ့လည်း ရှိပါတယ်။ 

ရွှင်လန်းချမ်းမြေ့ကြပါစေ။