Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Thursday, February 2, 2012

ကိုကျော်ဇေယျ + မကြည်ကြည်ထွန်း မိသားစုတို့၏ အလှူ



ဂျာမဏီနိုင်ငံ၊ ကာဆယ် (Kassel) မြို့မှာ နေထိုင်ကြတဲ့ ကိုကျော်ဇေယျ + မကြည်ကြည်ထွန်း (သား) မောင်ဟိန်းဇေယျ၊ မောင်လင်းဇေယျ တို့မိသားစုရဲ့ နေအိမ်မှာ ဆွမ်းခဲဖွယ်ဘောဇဉ်များ နှင့် သင်္ကန်းစတဲ့ လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခြင်း၊ သီလဆောက်တည်၍ ပရိတ်တရားတော်များကို ကြားနာခြင်း ကုသိုလ်ကောင်းမှုများကို 01. 02. 2012 ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ကာဆယ်မြို့မှာ နေထိုင်ကြတဲ့ မြန်မာမိသားစုများလည်း အလှူရှင်မိသားစုအိမ်သို့ လာရောက်ခဲ့ကြပြီး ကုသိုလ်ကောင်းမှုများကို အတူတကွ ၀မ်းမြောက်ဝမ်းသာ ပြုလုပ်ခဲ့ကြပါတယ်။ ကာဆယ်မြို့တွင် မြန်မာမိသားစုများ အနည်းငယ်မျှသာ ရှိတယ်လို့ အလှူရှင်များက ပြောပြကြပါတယ်။ ဖရန့်ဖို့မြို့ထက် အအေးပိုတဲ့ မြို့လည်းဖြစ်ပြီး သာယာအေးချမ်းလှတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

ကာဆယ်မြို့သို့ ဗုဒ္ဓသာသနရံသီ အသင်းမှ ကော်မတီဝင်များကြတဲ့ ဦးလှစိုး၊ ဦးသိန်းယုတို့နှင့် သွားရောက်ခဲ့ပါတယ်။ ကာဆယ်မြို့ကို ဖရန့်ဖို့မြို့မှ 31. 01. 2012 ရက် ညနေက သွားရောက်ခဲ့ပါတယ်။ ကာဆယ်ဘူတာတွင် ကိုညီညီလွင်နဲ့ ကိုမိုးကျော်တို့မှ လာရောက်ခရီးဦးကြိုဆိုကြပြီး ကိုညီညီလွင်ရဲ့ ကားနဲ့ပဲ အလှူရှင်မိသားစုအိမ်သို့ ပို့ဆောင်ပေးခဲ့ကြပါတယ်။ အလှူရှင်မိသားစုများနှင့်အတူ ကာဆယ်မြို့မှာ နေထိုင်ကြတဲ့ ဗုဒ္ဓဘာသာများမှ ၀မ်းမြောက်ဝမ်းသာ ခရီးဦးကြိုဆိုကြတဲ့အတွက်လည်း ၀မ်းသာပီတိဖြစ်ခဲ့ရပါတယ်။ 01. 02. 2012 ရက်နေ့မှာတော့ အလှူရှင်မိသားစုတို့ရဲ့ အိမ်ဂေဟာမှာ အရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းကြပါတယ်။ အဲဒီနောက် ဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံခဲ့ကြပါတယ်။
ဧည့်ပရိသတ်များအား ဧည့်ခံပြီးတဲ့အခါ ၀မ်းမြောက်ဖွယ်ရာ အနုမောဒနာ တရားတော်ကို ဟောကြားချီးမြှင့် ခဲ့ပါတယ်။ တရားတော်ကို မချီးမြှင့်ခင် ပရိသတ်များက ငါးပါးသီလ ခံယူကြပြီး၊ ပရိတ်တရားတော်များကို ရိုရိုသေသေ လေးလေးစားစား နာကြားကြပါတယ်။ အဲဒီနောက် အလှူဒါနပြုလုပ်ပုံနဲ့ ပတ်သက်တဲ့  အင်္ဂုတ္တရနိကာယ်လာ သပ္ပုရိသဒါန (သူတော်ကောင်းတို့ရဲ့ အလှူ) တရားဒေသနာတော်ကို ဟောကြားချီးမြှင့်ခဲ့ပြီး ကုသိုလ်ကောင်းမှု အဖို့အစုကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါတယ်။

အလှူရှင် မိသားစုအပေါင်းနဲ့ ပရိသတ်အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ။
 အလှူရှင် မိသားစုနှင့်အတူ ဦးလှစိုး၊ မရတနာစုလှိုင်၊ မသန္တာ၊ ကိုနိုင်ဝင်းအောင်+ မခင်စန္ဒာထွန်း တို့ရဲ့ အမှတ်တရ
 ကိုကျော်ဇေယျ + မကြည်ကြည်ထွန်း (သား) မောင်ဟိန်းဇေယျ၊ မောင်လင်းဇေယျ မိသားစု လှူဖွယ်ဝတ္ထုများ ဆက်ကပ်နေစဉ်









 ဖရန့်ဖို့သို့ အပြန်တွင် ကာဆယ်မှ ကိုမိုးကျော် + မသန္တာ တို့နှင့် အမှတ်တရ