Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Saturday, September 17, 2011

မြူးချမ်းမြို့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ

ဂျာမဏီနိုင်ငံ၊ မြူးချမ်းမြို့မှာ Bound to live together religions and cultures in dialogue အခမ်းအနားကို ၁၁. ၀၉. ၂၀၁၁ ရက်နေ့မှ ၁၃. ၀၉. ၂၀၁၁ ရက်နေ့အထိ သုံးရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအခမ်းအနားသို့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ သာသနရံသီ ဆရာတော်၊ ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့၊ ဗုဒ္ဓသာသနရံသီမှ တာဝန်ခံဆရာတော် အသင်း၏အတွင်းရေးမှူးနှင့်  ကော်မတီဝင်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံမှ သံဃရာဇာဆရာတော်၊ စင်္ကာပူနိုင်ငံမှ သီရိလင်္ကာဆရာတော်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံပေါင်း တစ်ရာကျော်မှ ဘာသာရေးခေါင်းဆောင် ပေါင်း ၁၀၀၀ ကျော်ကို ဖိတ်ကြားခဲ့ပြီး အစည်းဝေးပွဲမှာ လူဦးရေ တစ်သောင်းကျော် တက်ရောက်ခဲ့ ကြပါတယ်။ ဘာသာရေး ခေါင်းဆောင်များတွင် ထေရ၀ါဒ ရဟန်းတော်များ၊ ဂျပန်မဟာယာန ရဟန်းတော်များ၊ ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းကြီးများ၊ မွတ်ဆလင် ဓမ္မဆရာများ၊ ဟိန္ဒူဘာသာဝင်များ၊ ဂျူးဘုန်းတော်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းနား ဖွင့်ပွဲနေ့တွင် ဂျာမဏီနိုင်ငံ သမ္မတနှင့် ၀န်ကြီးချုပ်တို့လည်း တက်ရောက်ခဲ့ပါတယ်။ အခမ်းအနား တက်ရောက်လာကြသူများ နားလည်နိုင်ရန် အီတလီ၊ ပြင်သစ်၊ အင်္ဂလိပ်၊ ဂျာမန်၊ တရုတ်၊ ဂျပန်၊ အာရဘီ ဘာသာ စကား (၇) မျိုးတို့ဖြင့် တိုက်ရိုက် ဘာသာပြန်ပေးထားပါတယ်။

ဒီအခမ်းအနားကို ခရစ်ယာန်ဘုန်းတော်ကြီးများမှ ကြီးမှူးကျင်းပတာဖြစ်ပါတယ်၊ ဥရောပနိုင်ငံများအတွင်း တစ်နှစ်လျှင် တစ်နိုင်ငံ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်ဟာ ဂျာမဏီနိုင်ငံမှာ ကျင်းပခွင့်ရတဲ့ နှစ်ဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှ ကြွရောက်လာကြတဲ့ ဘာသာရေးခေါင်းဆောင်များ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခများ အားလုံးကို ဧဒင်ဟိုတယ်၊ ဖိုက်စတားဟိုတယ် စတဲ့ နာမည်ကြီး ဟိုတယ်များမှာ တည်းခိုရန် စီစဉ်ပေးထား ပါတယ်။ နေ့စဉ် ကြွရောက်လာကြတဲ့ ဧည့်ပရိသတ် အားလုံးတို့အား ဖိုက်စတားဟိုတယ်မှာ တည်ခင်းဧည့်ခံ ကျွေးမွေးပါတယ်။