Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Tuesday, August 2, 2011

ဗုဒ္ဓသာသနရံသီ အသင်း သုံးနှစ်ပြည့်မြောက် အထိမ်းအမှတ်

ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့သည် သာယာကြည်နူးဖွယ်ကောင်းသည့် အေးချမ်းသာယာသော မြို့တစ်မြို့ ဖြစ်သကဲ့သို့၊ သန့်ရှင်းသပ်ရပ်သောမြို့တစ်မြို့လည်းဖြစ်ပါသည်။ ဤမြို့တွင် အမိမြန်မာပြည်မှ မြန်မာနိုင်ငံ သားများလည်း များစွာနေထိုင်လျက်ရှိကြပါသည်။ မြန်မာလူမျိုးများသည် ရောက်ရှိသည့် အရပ်ဒေသတွင် မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို ပြန့်ပွားစေချင်သည့်ဆန္ဒ၊ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ချင်ကြသည့် သမ္မာဆန္ဒများ အစဉ်အမြဲဖြစ်ပေါ်လျက်လည်း ရှိကြပါသည်။ သို့သော်ကိုးကွယ်ဆည်းကပ်ရန် အခြားအခြား သော အင်္ဂလန်၊ အမေရိကန် စသည့်နိုင်ငံများ၏ မြို့များမှာကဲ့သို့ ဘုန်းတော်ကြီးကျောင်းများ၊ ဗုဒ္ဓဘာသာ အသင်းအဖွဲ့များကား ဤဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့တွင် မရှိသေးပေ။ ထို့ကြောင့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ ၀င်များသည် ဗုဒ္ဓဘာသာအသင်းတစ်သင်း မရှိမဖြစ်လိုအပ်လျက်ရှိသည်ဟု သိရှိခဲ့ကြ၏။ ထို့နောက် ဗုဒ္ဓဘာသာအသင်းကို ဖွဲ့စည်းတည်ထောင်ကြရန် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး၊ အသင်းကိုတည်ထောင်ခဲ့ကြ ပါသည်။

ပီနန်ဆရာတော်၊ ထိုင်ဝမ်ဆရာတော် အမှူးပြုကြသော ဆရာတော်ကြီးများ ကြွရောက်၍ ၁၀. ၀၈. ၂၀၀၈ ရက်နေ့တွင် ဤဗုဒ္ဓဘာသာအသင်းကို ဖွင့်လှစ်ပေးခဲ့ကြပါသည်။ အသင်း၏နာမည်ကို ဗုဒ္ဓသာသနရံသီဟု အမည်ပေးခဲ့ပါသည်။ ဗုဒ္ဓသာသနရံသီ ဆိုသည်မှာ ဘုရားရှင်၏ သာသနာ အလင်းရောင်ဟု အဓိပ္ပာယ်ရပါသည်။ ဥရောပတိုက်တွင် ဗုဒ္ဓဘုရားရှင်၏ သာသနာအလင်းရောင် ထွန်းလင်း နိုင်ပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဤအမည်ကို ရွေးချယ်၍ ပေးခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ ယခုဆိုလျှင် ဤအသင်းကြီးတည်ထောင်လာခဲ့သည်မှာ ၁၀. ၀၈. ၂၀၁၁ ရက်နေ့တွင် သုံးနှစ်ပင် ပြည့်မြောက် မည်ဖြစ်ပါသည်။


ဤအသင်းကြီးတည်ထောင်သည်မှ စ၍ ယနေ့တိုင် အသင်းကြီးဆက်လက်တည်တံ့နိုင်အောင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ သာသနရံသီကျောင်းတိုက်ဆရာတော် ဦးဥတ္တရ မှ အသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက် ပေးလျက်လည်းရှိပါသည်။ ဆရာတော်၏ ဦးဆောင်လမ်းညွှန်မှု ဖရန့်ဖို့မြို့ရှိ ဗုဒ္ဓဘာသာဝင် အသင်းသူ၊ အသင်းသားများ၏ ကြိုးပမ်းဆောင်ရွက်လှူဒါန်းမှုတို့ကြောင့် အသင်းကြီး တည်ရှိနေနိုင်ခြင်း လည်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာ အသင်းကြီးဖြစ်သည့် ဗုဒ္ဓသာသနရံသီအသင်းကြီး ဤဖရန့်ဖို့မြို့တွင် တည်ထောင်နိုင်ခဲ့ကြသဖြင့် အလွန်ပင်ဝမ်းမြောက်ကြည်နူးလျက်လည်း ရှိကြပါသည်။


ဤအသင်းကြီးတွင် နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူး သင်္ကြန်ပွဲတော်၊ ၀ါဆိုသင်္ကန်းကပ်ပွဲတော်၊ ကထိန်သင်္ကန်း ဆက်ကပ်ခြင်းပွဲတော်စသည်တို့ကို အမိမြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်ကြသကဲ့သို ဤဂျာမဏီနိုင်ငံ၊ ဖရန့်ဖိုမြို့၊ ဗုဒ္ဓသာသနရံသီအသင်းကြီးတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိကြပါသည်။ ထို့ပြင် အခါအားလျော်စွာ တရားပွဲများ၊ ပဌာန်းပူဇော်ပွဲများနှင့် ရှင်ပြုအလှူပွဲများကိုလည်း ဆရာတော်များ ပင့်ဖိတ်လျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။ တရားပွဲများကျင်းပပြုလုပ်ကြရာတွင် မြန်မာနိုင်ငံမှ ထင်ရှားကျော်ကြားကြသည့် မစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၊ ထေရ၀ါဒတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တနန္ဒမာလာဘိဝံသ၊ ဖားအောက်ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ စသည့် ဆရာတော်ကြီးများကိုပင် ပင့်ဖိတ်ခဲ့ကြပြီး ဓမ္မဿဝန ကုသိုလ်မင်္ဂလာကို ရယူနိုင်ခဲ့ ကြပါသည်။ ဤကဲ့သို့ ကုသိုလ်ကောင်းမှု မင်္ဂလာတို့ကို ရယူဆည်းပူး နိုင်ခြင်းမှာလည်း ဤဗုဒ္ဓသာသနရံသီ အသင်းကြီး ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့တွင် တည်ရှိနေခြင်း၊ တည်ထောင်ထားနိုင်ခြင်းကြောင့်သာ ဖြစ်ပါသည်။ ဤဗုဒ္ဓသာသနရံသီ အသင်းကြီး တည်ထားနိုင်ခြင်းသည် အမျိုးဘာသာ၊ သာသနာ အတွက် ဂုဏ်ယူဖွယ်ရာ၊ အားတက်ဖွယ်ရာ သမိုင်းမှတ်တိုင်သစ်တစ်ခုကို ချမှတ်ပေးရာရောက်သကဲ့သို့ မျိုးဆက်သစ် ဗုဒ္ဓဘာသာဝင် ရင်သွေငယ်များ အတွက်လည်း ဗုဒ္ဓ၏အဆုံးအမများ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို သိရှိနားလည်လာအောင် လက်ဆင့်ကမ်း ဖြန့်ဖြူးပေးရာလည်း ရောက်ပါသည်။


ထို့ကြောင့် ဗုဒ္ဓသာသနရံသီအသင်းကြီးသည် ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့ အစဉ်အမြဲတည်ရှိသင့်သော အသင်းကြီး တစ်သင်းဖြစ်ပါသည်။ ဤသို့ အစဉ်အမြဲတည်ရှိနိုင်ရန် ဖရန့်ဖို့မြို့ရှိ ဗုဒ္ဓဘာသာဝင်များ၊ အသင်းသူ၊ အသင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း အထူးပင်လိုအပ် လျက်ရှိပါသည်။ တာဝန်သိသူတွင် တာဝန်ဝင်ရှိသည်၊ တာဝန်မသိသူတွင် တာဝန်မရှိဆိုသည့် စကားအတိုင်း တာဝန်သိသူများ ပီသစွာ အသင်းကြီးဆက်လက်ပြီး တည်ရှိနိုင်ရန်၊ ဗုဒ္ဓသာသနာ တည်တံ့ပြန်ပွားစေရန် အသင်းသူ၊ အသင်းများအားလုံးတွင် တာဝန်အသီးသီးရှိကြပါသည်။ ထိုတာဝန်များကို ကောင်းမြတ်သော စိတ်ထားများ၊ မွန်မြတ်သောနှလုံးသားများဖြင့် ၀ိုင်းဝန်းကူညီဆောင်ရွက်ကြမည်ဆိုလျှင် ဤအသင်းကြီး အစဉ်အမြဲ တည်တံ့ခိုင်မြဲပြီး တိုးတက်စည်ပင်နေမည်ဖြစ်ပါကြောင်း ကောင်းမြတ်သောဆန္ဒဖြင့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။