ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့၊ ဗုဒ္ဓသာသနရံသီ အသင်း မိသားစုများရဲ့ ၀ါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲနှင့် ရှင်ပြုအလှူပွဲ မင်္ဂလာကို Nordwestzentrun Saalbau ခန်းမတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ ကြွရောက်လာကြတဲ့ ပရိသတ်များမှ ၀ါဆိုသင်္ကန်းအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။ အလှူငွေ စုစုပေါင်း ယူရို ၈၆၀ ရရှိပါတယ်။ ယင်းအလှူငွေများကို ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေး အတွက် လှူဒါန်းထားပါတယ်။
ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များအား အလှူရှင် ဒေါက်တာ ဦးကျော်ကျော် + အလှူ့ အမ ဒေါက်တာ ဒေါ်သင်းသင်းဦး မိသားစုမှ မြန်မာ့ရိုးရာ မုန့်ဟင်းခါးတိုဖြင့် လည်းကောင်း၊ အသင်း အမှုဆောင် ဦးလှစိုး + ဒေါ်သိန်းမြင့် မိသားစု မှ ရွှေရင်အေးတို့ဖြင့် လည်းကောင်း၊ ဧည့်ပရိသတ် အသီးသီးတို့မှ ဆွမ်းဟင်းလျှာ၊ အချိုပွဲများဖြင့် လည်းကောင်း တည်ခင်းဧည့်ခံ လှူဒါန်းခဲ့ကြပါတယ်။
နံနက် ၁၀း ၀၀ နာရီအချိန်တွင် ဧည့်ပရိသတ်များက ရှင်လောင်းလှည့်ခြင်း မင်္ဂလာကို ကျင်းပပြုလုပ်ခဲ့ကြပါ တယ်။ အဲဒီနောက် ရှင်သာမဏေ၀တ်ခြင်း မင်္ဂလာကို ပြုလုပ်ကြပြီး၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြပါတယ်။ အခမ်းအနားကို နေ့လည် ၁း ၀၀ နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် ကိုမင်းစိန်လင်း မှ အခမ်းအနားအမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ပရိသတ်များက ဆရာတော်ထံမှ သီလဆောက်တည်ခြင်း၊ ပရိသတ်များမှ ဓမ္မစကြာတရားတော်းများကို ရွတ်ဖတ်ပူဇော်ခြင်း၊ ပရိတ် တရားတော်များကို နာယူခြင်း၊ ၀ါဆိုသင်္ကန်းများ အသီးသီး ဆက်ကပ်လှူဒါန်းခြင်း၊ အသင်းဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း မှ ဘုန်းတော်ကြီးကျောင်း ၀ယ်ယူနိုင်ရေးအတွက် တင်ပြဆွေးနွေးခြင်း၊ ဆရာတော်မှ အနုမောဒနနာ ရေစက်ချတရား ချီးမြှင့်ခြင်း၊ အလှူအမ ဒေါက်တာ ဒေါ်သင်းသင်းဦး မှ အလှူပွဲ ဖြစ်မြောက် အောင်မြင်အောင် ၀ိုင်းဝန်းကူညီပေးကြသော အသင်းအတွင်းရေးမှူး ဦးသိန်းယု မိသားစု နှင့် ဧည့်ပရိသတ်များအား အထူးပင် ကျေးဇူးတင်ပါကြောင်း ပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြ ပါတယ်။ အဲဒီနောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။
အလှူရှင်မိသားစုများ အားလုံး ကျန်းမာ၊ ချမ်းသာ၍ ဗုဒ္ဓသာသနာ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။

အလှူဒါယကာ ဒေါက်တာ ဦးကျော်ကျော် + အလှူဒါယိကာမ ဒေါက်တာ ဒေါ်သင်းသင်းဦး မိသားစု