Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Monday, May 7, 2012

ကဆုန်လပြည့် ဗုဒ္ဓနေ့ (၀၆. ၀၅. ၂၀၁၂) မှတ်တမ်း


ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့ရှိ ဗုဒ္ဓသာသနရံသီ အသင်း မိသားစုများ စုပေါင်း၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ ပွဲတော်ကို စတုတ္ထအကြိမ်မြောက်အနေဖြင့် အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီကဆုန်လပြည့်နေ့ ဟာ ဗုဒ္ဓဘာသာဝင်များရဲ့ အထွတ်အမြတ်ထားရာ နေ့များစွာအနက် တစ်နေ့ အပါဝင်ဖြစ်ပါတယ်။ ဖွားဖြစ်ဟောစံ ဗျာဒိတ်ခံ မှတ်ရန်ကဆုန် လပြည့်ကြုံ ဆိုတဲ့စကားအတိုင်း ဒီပင်ကရာ မြတ်စွာဘုရားရဲ့ ထံတော်ပါးမှာ သုမေဓာ ရှင်ရသေ့ဟာ ဘုရားအဖြစ် ဗျာဒိတ်တော်ကို ခံယူတော်မူတဲ့နေ့၊ ဘုရားအလောင်းတော်ကို ဖွားမြင်တော်မူတဲ့နေ့၊ ဘုရားအဖြစ်သို့  ရောက်ရှိတော်မူတဲ့နေ့၊ ဆွေတော် မျိုးတော်များအား မဟာဗုဒ္ဓ၀င်တရားတော်ကို ချီးမြှင့် ဟောကြားတော်မူတဲ့နေ့၊ ပရိနိဗ္ဗာန် ၀င်စံတော်မူတဲ့နေ့တွေဟာ ဒီကဆုန်လပြည့်နေ့များမှာပဲ ဖြစ်ပါတယ်။ သို့အတွက်ကြောင့်လည်း ကဆုန် လပြည့်နေ့ကို နေ့ထူးနေ့မြတ်အဖြစ်  သတ်မှတ်ကာ ကဆုန်လပြည့် ဗုဒ္ဓနေ့ ပွဲတော်ကို  စုပေါင်း၍ ကျင်းပပြုလုပ်ကြခြင်း ဖြစ်ပါတယ်။

ဒီကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်မှာ အလှူဒါယကာ ဦးမောင်မောင်ဝင်း + အလှူဒါယိကာမ ဒေါ်မြစမ်းအေး (သား) မောင်သူရအောင် မိသားစုမှ ဖျာပုံ မုန့်ဟင်းခါးတို့ဖြင့်လည်းကောင်း၊ အလှူဒါယိကာမ ဒေါ်ခင်သန်းနွယ် (မနွယ်) သား - ကိုဇင် မိသားစုမှ ရှမ်းထမင်းချဉ်သုပ်ဖြင့်လည်းကောင်း၊ အသင်းမိသားစုများမှလည်း အသီးသီး ဆွမ်းဟင်းလျာများ၊ အချိုမုန့်ပွဲမျာဖြင့် လည်ကောင်း၊ ဘုရားအမှူးထား၍ သံဃာ့ဂုဏ်ကို အာရုံပြုကာ ဆွမ်းခဲဖွယ် ဘောဇဉ် အရသာ အဖြာဖြာတို့ကို ၀မ်းမြောက်ဝမ်းသာ ဆက်ကပ်လှူဒါန်းကြပြီး ဧည့်ပရိသတ်များကိုလည်း တည်ခင်းဧည့်ခံ ကျွေးမွေး လှူဒါန်းခဲ့ကြပါတယ်။

အခမ်းအနားကို နေ့လည် ၁း ၀၀ နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ပြီး အခမ်းအနားမှူးအဖြစ် ကိုမင်းစိန်လင်းမှ တာဝန်ယူဆောင်ရွက်ပါတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်မှာ ဗုဒ္ဓဘာသာဝင်များ စုပေါင်း၍ ကျင်းပပြုနိုင်ကြတဲ့အတွက်လည်း အထူးပင် ကျေးဇူတင်ရှိပါကြောင်း စတဲ့ ကျေးဇူးတင် ၀မ်းမြောက်ဖွယ် စကားကို အလှူဒါယိကာမ ဒေါ်ခင်သန်းနွယ်မှ ပရိသတ်များအား ပြောကြားပေးခဲ့ပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်သို့ ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များမှ ယူရို ၃၈၀ ၊ U$ ၄၀ နဲ့ ကိုကျော်ဆွေညွန့်၊ ကိုဖြိုး တို့မှ Basmati rice တို့ကို လှူဒါန်းခဲ့ကြတဲ့ အတွက် ဗုဒ္ဓသာသနရံသီ အသင်းအမှု ဆောင်များမှ အထူးပင် ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ 

အလှူရှင်မိသားစုများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြ၍ လိုအင်ဆန္ဒများလည်း ပြည့်ဝကြ ပါစေ။