Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Monday, March 26, 2012

ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းမိသားစုများရဲ့ ဂုဏ်ပြုပူဇော်ပွဲ




          ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်း မိသားစုများမှ အရှင်ပညာဝံသ  Ph.D ဘွဲ့ထူး ဆွတ်ခူးနိုင် သည့် အတွက် ၂၅. ၀၃. ၂၀၁၂ ခုနှစ်၊ တနင်္ဂနွေနေ့မှာ ဂုဏ်ပြုပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ မြန်မာမိသားစုများ သိုက်သိုက်ဝန်းဝန်းနဲ့ ဥရောပမှာ ကျင်းပပြုလုပ်နိုင်ကြ တဲ့ အတွက် အထူးပဲ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါတယ်။
          ပူဇော်ပွဲ အခမ်းအနား ဖြစ်မြောက်အောင် ဆောင်ရွက်ကြတဲ့ ဗုဒ္ဓသာသနရံသီ အသင်း ကော်မ တီနှင့် အသင်းမိသားစုများအားလုံး၊ ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့ရောက် မြန်မာမိသားစုများ၊ မုန့်ဆွမ်းခဲဖွယ် များနှင့် ဆက်ကပ်လှူဒါန်းကြသည့် အလှူရှင်များ၊ န၀ကမ္မများကို လှူဒါန်းဆက်ကပ်ကြသည့် အလှူ ရှင်များ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်လျှက်ရှိပါတယ်။
          ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များအား ကိုမင်းစိန်လင်း မှ မြန်မာမုန့်ဟင်းခါးဖြင့် တည်ခင်း ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ပါတယ်။
          အခမ်းအနားကို ဖရန့်ဖို့မြို့၊ SAALBAU Titus – Forum (Nordwestzentrum) ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နံနက် ၁၁း ၁၅ နာရီတွင် ဘုရားအမှူးထား၍ သံဃာ့ဂုဏ်ကို အာရုံပြုကာ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ အချိုပွဲများ ဆက်ကပ် လှူဒါန်းခြင်းတို့ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
          ထို့နောက် ကြွလာသမျှသော ဧည့်ပရိသတ်များအား မြန်မာ မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးလှူဒါန်းပါတယ်။
          နေ့လည် ၁း ၀၀ နာရီအချိန်တွင် အခမ်းအနားကို စတင်ပါတယ်။ အခမ်းအနား မစတင်ခင် ဘုရားအမှူးထား၍ ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များက စီတန်းလှည့်လည် ပူဇော်မှုကို ပြုကြပြီး ခန်းမအတွင်းမှာ နေရာယူကြပါတယ်။
          မြန်မာရိုးရာ ဓလေ့ထုံးစံများနှင့်အညီ စီစဉ်ကျင်းပခြင်းလည်းဖြစ်ပါတယ်။ ရွှေထီးတော်၊ ထီးဖြူ တော်တို့ ဆောင်းမိုးခြင်း၊ မြန်မာ့ဓလေ့ထုံးစံဖြစ်သည့် ရိုးရာဝတ်စုံများကို ၀တ်ဆင်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသဖြင့် နိုင်ငံခြားသားများ အထူးတလည် စိတ်ဝင်တစားရှိကြပါတယ်။
          ခန်းမအတွင်းမှာ အသီးသီး နေရာယူကြပြီးတဲ့အခါ ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းရဲ့ အတွင်းရေးမှူး ဦးသိန်းယု က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပါတယ်။
          ဒီအခမ်းအနားတွင် အသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း မှ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခြင်း၊ အဖွဲ့ဝင် ကိုဦးမှလည်း မှတ်တမ်းတင် ဗွီဒီယို ရိုက်ကူးခြင်းတို့ကို အသီးသီး တာဝန်ယူ ဆောင်ရွက်ခဲ့ကြပါတယ်။
          အစီအစဉ် (၁) အရ ရှေးဦးစွာ အခမ်းအနားကို နမော တဿ သုံးကြိမ်ရွက်ဆို၍ ဖွင့်လှစ် ခဲ့ပါတယ်။
          အစီအစဉ် (၂) အရ အသင်းရဲ့ အမှုဆောင် ဦးလှစိုး မှ ဂုဏ်ပြု ပူဇော်ခံ အရှင်ပညာဝံသ ၏ ထေရုပ္ပတ္တိ အကျဉ်းနှင့် အသင်းမိသားစုများ ဦးဦးဖျားဖျား ပထမဆုံး ဂုဏ်ပြုပူဇော်ပွဲကို ဖရန့်ဖို့မြို့မှာ ကျင်းပပြုလုပ်နိုင်ကြတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ရှေ့ ဆက်ပြီး တက်ညီလက်ညီနဲ့ အမျိုးဘာသာ သာသနာတော်အတွက် စည်းလုံးညီညွတ်စွာနဲ့ သာသနာ ပြုကြရန် တိုက်တွန်းပါကြောင်း စသည်တို့ကို ဖတ်ကြားတင်ပြပါတယ်။
          အစီအစဉ် (၃) အရ ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများနဲ့ ကြွရောက်လာကြတဲ့ ဧည့်ပရိသတ် များမှ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ သာသနရံသီ ကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော ဆရာတော် ဦးသိလိဋ္ဌ ( ဘုန်းသီ - လန်ဒန်) ရေးစပ်သီကုံးပူဇော်ထားသော ဒေါက်တာဘွဲ့ ဂုဏ်ပြု ရှစ်လုံးဖွဲ့ ကဗျာများကို သံပြိုင် ရွတ်ဖတ်ပူဇော်ကြပါတယ်။
အစီအစဉ် (၄) အရ ဆရာတော်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည် ကျင့်သုံး ကြပါတယ်။
          အစီအစဉ် (၅) အရ ပရိတ်တရားတော်နှင့် ၀မ်းမြောက်ဖွယ်ရာ အနုမောဒနာ တရားတော်ကို နာယူကြပါတယ်။
          အစီအစဉ် (၆) အရ လှူဒါန်းမှုအစုစုတို့ကို အသင်းရဲ့ ဘဏ္ဍာရေးမှူး ဦးလှမောင်သန်း ကိုယ်စား အသင်းအဖွဲ့ဝင် ကိုမင်းစိန်လင်း မှ ဆက်ကပ်လှူဒါန်းပါတယ်။
          အစီအစဉ် (၇) အရ လှူဒါန်းမှု အစုစုတို့ကို သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သတ္တ၀ါ အပေါင်းတို့အား အမျှပေးဝေကြပါတယ်
          အစီအစဉ် (၈)  အရ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနာကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။