မြန်မာနိုင်ငံတွင် ၀ါတွင်းကာလ ဥပုသ်နေ့များတွင် ဘုရားပုထိုး၊ စေတီများ၊ ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်၍ ဥပုသ်သီလ ဆောက်တည်ကြခြင်း၊ တရားဓမ္မများ နာယူကြခြင်း၊ သမထ၊ ၀ိပဿနာ ဘာဝနာ တရားများကို ပွားများ အားထုတ်လေ့ ရှိကြသော်လည်း ဤဂျာမဏီ နိုင်ငံတွင်ကား စနေ၊ တနင်္ဂနွေ နေ့များတွင်သာ အများအားဖြင့် အားလပ်ကြသဖြင့် တနင်္ဂနွေနေ့ကို အဓိကအားထားပြီး ကောင်းမှု ကုသိုလ်များကို စုပေါင်းပြီး ပြုလုပ်လေ့ရှိကြပါသည်။
ရတနာသုံးတန်၊ ကံ၊ ကံ၏အကျိုးကိုလည်း ယုံကြည်ကြသည့် သဒ္ဓါတရား လည်း ရှိကြပါ၏။ သာသနာတော်နှင့် ကြုံတွေ့ရန်သာ ခဲယဉ်းနေကြ၏။ ယင်းခဲယဉ်းနေသည့် အခက်အခဲကိုလည်း ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများက အသင်းကြီးတည်ထောင်ပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပါ၏။
ထို့ကြောင့် ယခုအခါ သာသနာတော်နှင့် တွေ့ကြုံကြရပြီး ကောင်းမှု ကုသိုလ်များကို အမိမြန်မာပြည်မှာကဲ့သို့ ပြုလုပ်နိုင်ကြခြင်းဖြစ်၏။ ဤသည်မှာ အတုယူဖွယ်ကောင်းလှသည့် မြန်မာဗုဒ္ဓဘာသာဝင်များ၏ မွန်မြတ်သည့် စိတ်ဓာတ်နှင့် သာသနာပြု ဆောင်ရွက်ချက်တို့ပင် ဖြစ်ပါ၏။