Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, February 19, 2012

ဒီ တနင်္ဂနွေ ဇူဇူး ရဲ့ (၁၀) နှစ်ပြည့် မွေးနေ့မင်္ဂလာ


ကိုနေ၀င်းလှိုင် + မမီစံ တို့ရဲ့ သမီးရးတနာ ဇူးဇူး ရဲ့ (၁၀) နှစ်ပြည့် မွေးနေ့မင်္ဂလာကို ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းတိုက် ဘုန်းတော်ကြီးကျောင်းမှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နံနက် (၁၁း ၁၅ ) နာရီတွင် ဆွမ်းခဲဖွယ် ဘောဇဉ်များကို မွေးနေ့အလှူရှင် မိသားစုနှင့် အတူ ဧည့်ပရိသတ်များက ဆက်ကပ်လှူဒါန်းကြပါတယ်။ ဧည့်ပရိသတ်များအားလည်း  ငါးပေါင်းဟင်းစသည်တို့ဖြင့် မွန်မွန်မြတ်မြတ် တည်ခင်းဧည့်ခံ ကျွေးမွေး လှူဒါန်းခဲ့ပါတယ်။ နေ့လည် (၂း ၀၀) နာရီအချိန်တွင် ဧည့်ပရိသတ်များ စုပေါင်း၍ ငါးပါးသီလဆောက်တည် ကျင့်သုံးကြပါတယ်။ အဲဒီနောက် ပရိတ်တရားတော်နှင့် အနုမောဒနာ တရားတော်တို့ကို နာယူကြပြီး လှူဒါန်းမှု အစုစုတို့ကို (၃၁) ဘုံ ကျင်လည်ကြတဲ့ ဝေနေယျ သတ္တ၀ါများအား မေတ္တာပို့ကာ အမျှပေးဝေခဲ့ကြပါတယ်။ မွေးနေ့အလှူရှင် မိသားစုများနှင့် တကွ ပရိသတ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာနဲ့ သာသနာပြုနိုင်ကြပါစေ။
အလှူရှင် ကိုနေ၀င်းလှိုင် + အလှူအမ မမီစံ နှင့် သမီး ဇူးဇူး တို့ ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းနေစဉ်





အလှူရှင်မိသားစုများ အချိုပွဲ ဆက်ကပ်လှူဒါန်းနေစဉ်
















Friday, February 17, 2012

ကောင်းမှုအတူယူမည့် မွေးနေ့အလှူ

ကိုနေ၀င်းလှိုင် + မမီစံ တို့၏ တစ်ဦးတည်းသော သမီးရတနာ မဇူးဇူး ရဲ့ မွေးနေ့အလှူ မင်္ဂလာကို ၁၉. ၀၂. ၂၀၁၂ (တနင်္ဂနွေနေ့) တွင် ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းတိုက်၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် မိတ်ဆွေသင်္ဂဟများအား ကြွရောက်ချီးမြင့်ကြပါရန် ခင်မင်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။
(ငါးပေါင်းဟင်းဖြင့် တည်ခင်းဧည့်ခံပါမည်။)

Sunday, February 12, 2012

ဆုံနေကြ တနင်္ဂနွေ (၁၂.၀၂.၂၀၁၂) ပြည်ထောင်စုနေ့

ဒီနေ့ဟာ အမိမြန်မာပြည်ရဲ့ ပြည်ထောင်စုနေ့လည်းဖြစ်၊ တနင်္ဂနွေနေ့လည်း ဖြစ်ပါတယ်။ ဖရန့်ဖို့မြို့ရဲ့ ရာသီဥတုကလည်း အအေးလွန်ကဲလျက်ရှိပါတယ်။ သို့သော်လည်း အသင်းမိသားစုများက အသင်းတိုက်သို့ လာရောက်၍ ဆွမ်းခဲဖွယ်ဘောဇဉ်များကို ဆက်ကပ်လှူဒါန်းခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဓမ္မများကို နာယူခြင်းတို့ကို မပျက်မကွက် ပြုလုပ်ခဲ့ကြပါတယ်။ 
 





















Sunday, February 5, 2012

ဆုံနေကြ တနင်္ဂနွေ (၀၅.၀၂.၂၀၁၂)

ဒီနေ့ဟာ ဖေဖော်ဝါရီလရဲ့ ပထမဆုံးအပတ် တနင်္ဂနွေနေ့ဖြစ်ပါတယ်။ ၂၀၁၂ - ခုနှစ်၊ နှစ်ဆန်းပိုင်းမှ စ၍  လစဉ် ပထမဆုံးဖြစ်တဲ့ တနင်္ဂနွေနေ့မှာ စုပေါင်းပြီး ပဌာန်းရွတ်ဖတ်ပူဇော်ကြရန် စီစဉ်ထားခဲ့ကြပါတယ်။ စီစဉ်ထားခဲ့ကြတဲ့ အတိုင်းလည်း  ပဌာန်းပစ္စယုဒ္ဒေသပါဠိတော်နဲ့ ပစ္စယနိဒ္ဒေသပါဠိတော်တို့ကို ရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တာပို့၍ အမျှပေးဝေခြင်းတို့ကို ပြုလုပ်ဖြစ်ခဲ့ကြပါတယ်။ ဖရန့်ဖို့မြို့ရဲ့ ရာသီဥတုကလည်း အလွန်အေးချမ်းလှပါတယ်။ အနုတ် ၁၂ ထိအောင် အေးလှတဲ့အတွက် သွားလာဖို့ရန် အလွန်ခက်ခဲလှပါတယ်။ မဖြစ်မနေ သွားလာရရင်လည်း  အနွေးထည်များ လုံလုံခြုံခြုံ ၀တ်ဆင်ပြီး သွားလာမှ အဆင်ပြေပါတယ်။ အေးချမ်းလှသော်လည်း ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းမိသားစုများကတော့ တနင်္ဂနွေနေ့တိုင်း အသင်းတိုက်သို့ လာရောက်၍ ဆွမ်းခဲဖွယ် ဘောဇဉ်များကို ဆက်ကပ်လှူဒါန်းခြင်း စတဲ့ ကုသိုလ်ကောင်းမှုများကို မပျက်မကွက် ပြုလုပ်လေ့ရှိကြပါတယ်။ ဗုဒ္ဓဘာသာဝင်များရဲ့ ထက်သန်တဲ့ သဒ္ဓါတရားနဲ့ မွန်မြတ်လှတဲ့ စိတ်ထားတွေဟာ နှစ်ထောင်းအားရဖွယ် ၀မ်းမြောက်ဖွယ်ကောင်းလှပါတယ်။ ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဥာဏ်ထက်၏ ဆိုတဲ့ စကားအတိုင်း တရားဓမ္မများကို နာယူကြခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ပြုလုပ်နိုင်ကြတဲ့အတွက် အစဉ်အမြဲ ကောင်းမှုကုသိုလ်များ အသိဥာဏ်ပညာများ တိုးပွားလာစေပါတယ်။ အသင်းတိုက်သို့ လာရောက်၍ ကုသိုလ်ကောင်းမှုများ အတူတကွ ပြုလုပ်ကြခြင်းဖြင့် အမိမြန်မာပြည်မှ ဗုဒ္ဓဘာသာဝင်များ အချင်းချင်းလည်း ရင်းနှီးချစ်ခင်ကြသလို ရင်သွေးငယ်များလည်း အချင်းချင်းရင်းနှီး ကျွမ်းဝင်မှု ဖြစ်ခဲ့ကြပါတယ်။ 

ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုတဲ့ စကားအတိုင်း တစ်နေ့မှာ လူကြီးဘ၀သို့ ရောက်ရှိလာကြမှာ မလွဲဧကန်ပါပဲ၊ လူကြီးဘ၀သို့ ရောက်ရှိလာကြမယ့် ရင်သွေးငယ်များရဲ့ သန္တာန်မှာ ဗုဒ္ဓရဲ့ အဆုံးအမ လမ်းညွှန်မှုများ အစဉ်အမြဲ ကိန်းဝပ်နေရန် အထူးအရေးကြီးလှပါတယ်။ ဒါမှလည်း ဗုဒ္ဓဘာသာဟာ ရေရှည်တည်တံ့နိုင်မှာ ဖြစ်ပါတယ်။ သို့အတွက်ကြောင့် ကလေးငယ်များ အသင်းတိုက်သို့ လာရောက်ကြတဲ့အခါ တတ်နိုင်သမျှ သြကာသ ကန်တော့ကျိုး၊ သရဏဂုံ စတာတွေကို သင်ကြားပေးလေ့လည်း ရှိပါတယ်။ 

ရွှင်လန်းချမ်းမြေ့ကြပါစေ။










Thursday, February 2, 2012

ကိုကျော်ဇေယျ + မကြည်ကြည်ထွန်း မိသားစုတို့၏ အလှူ



ဂျာမဏီနိုင်ငံ၊ ကာဆယ် (Kassel) မြို့မှာ နေထိုင်ကြတဲ့ ကိုကျော်ဇေယျ + မကြည်ကြည်ထွန်း (သား) မောင်ဟိန်းဇေယျ၊ မောင်လင်းဇေယျ တို့မိသားစုရဲ့ နေအိမ်မှာ ဆွမ်းခဲဖွယ်ဘောဇဉ်များ နှင့် သင်္ကန်းစတဲ့ လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခြင်း၊ သီလဆောက်တည်၍ ပရိတ်တရားတော်များကို ကြားနာခြင်း ကုသိုလ်ကောင်းမှုများကို 01. 02. 2012 ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ကာဆယ်မြို့မှာ နေထိုင်ကြတဲ့ မြန်မာမိသားစုများလည်း အလှူရှင်မိသားစုအိမ်သို့ လာရောက်ခဲ့ကြပြီး ကုသိုလ်ကောင်းမှုများကို အတူတကွ ၀မ်းမြောက်ဝမ်းသာ ပြုလုပ်ခဲ့ကြပါတယ်။ ကာဆယ်မြို့တွင် မြန်မာမိသားစုများ အနည်းငယ်မျှသာ ရှိတယ်လို့ အလှူရှင်များက ပြောပြကြပါတယ်။ ဖရန့်ဖို့မြို့ထက် အအေးပိုတဲ့ မြို့လည်းဖြစ်ပြီး သာယာအေးချမ်းလှတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

ကာဆယ်မြို့သို့ ဗုဒ္ဓသာသနရံသီ အသင်းမှ ကော်မတီဝင်များကြတဲ့ ဦးလှစိုး၊ ဦးသိန်းယုတို့နှင့် သွားရောက်ခဲ့ပါတယ်။ ကာဆယ်မြို့ကို ဖရန့်ဖို့မြို့မှ 31. 01. 2012 ရက် ညနေက သွားရောက်ခဲ့ပါတယ်။ ကာဆယ်ဘူတာတွင် ကိုညီညီလွင်နဲ့ ကိုမိုးကျော်တို့မှ လာရောက်ခရီးဦးကြိုဆိုကြပြီး ကိုညီညီလွင်ရဲ့ ကားနဲ့ပဲ အလှူရှင်မိသားစုအိမ်သို့ ပို့ဆောင်ပေးခဲ့ကြပါတယ်။ အလှူရှင်မိသားစုများနှင့်အတူ ကာဆယ်မြို့မှာ နေထိုင်ကြတဲ့ ဗုဒ္ဓဘာသာများမှ ၀မ်းမြောက်ဝမ်းသာ ခရီးဦးကြိုဆိုကြတဲ့အတွက်လည်း ၀မ်းသာပီတိဖြစ်ခဲ့ရပါတယ်။ 01. 02. 2012 ရက်နေ့မှာတော့ အလှူရှင်မိသားစုတို့ရဲ့ အိမ်ဂေဟာမှာ အရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းကြပါတယ်။ အဲဒီနောက် ဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံခဲ့ကြပါတယ်။
ဧည့်ပရိသတ်များအား ဧည့်ခံပြီးတဲ့အခါ ၀မ်းမြောက်ဖွယ်ရာ အနုမောဒနာ တရားတော်ကို ဟောကြားချီးမြှင့် ခဲ့ပါတယ်။ တရားတော်ကို မချီးမြှင့်ခင် ပရိသတ်များက ငါးပါးသီလ ခံယူကြပြီး၊ ပရိတ်တရားတော်များကို ရိုရိုသေသေ လေးလေးစားစား နာကြားကြပါတယ်။ အဲဒီနောက် အလှူဒါနပြုလုပ်ပုံနဲ့ ပတ်သက်တဲ့  အင်္ဂုတ္တရနိကာယ်လာ သပ္ပုရိသဒါန (သူတော်ကောင်းတို့ရဲ့ အလှူ) တရားဒေသနာတော်ကို ဟောကြားချီးမြှင့်ခဲ့ပြီး ကုသိုလ်ကောင်းမှု အဖို့အစုကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါတယ်။

အလှူရှင် မိသားစုအပေါင်းနဲ့ ပရိသတ်အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ။
 အလှူရှင် မိသားစုနှင့်အတူ ဦးလှစိုး၊ မရတနာစုလှိုင်၊ မသန္တာ၊ ကိုနိုင်ဝင်းအောင်+ မခင်စန္ဒာထွန်း တို့ရဲ့ အမှတ်တရ
 ကိုကျော်ဇေယျ + မကြည်ကြည်ထွန်း (သား) မောင်ဟိန်းဇေယျ၊ မောင်လင်းဇေယျ မိသားစု လှူဖွယ်ဝတ္ထုများ ဆက်ကပ်နေစဉ်









 ဖရန့်ဖို့သို့ အပြန်တွင် ကာဆယ်မှ ကိုမိုးကျော် + မသန္တာ တို့နှင့် အမှတ်တရ